ဒီနေ့အတွက်စကား

Padamyar FM

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

  1. 10h ago

    Hope is the only thing stronger than fear.

    မျှော်လင့်ချက်ဆိုတာကြောက်ရွံ့ခြင်းထက်သန်မာတဲ့ တစ်ခုတည်းသောအရာပါတဲ့။ ကျွန်တော်တို့လူသားတွေအနေနဲ့ ကြံစည် လုပ်ဆောင်သမျှတိုင်းမှာအလုံးစုံအောင်မြင်မှုဆိုတာမဖြစ်နိုင်ပါဘူး။ပြီးပြည့်စုံခြင်းဆိုတာမရှိတဲ့အတွက် အမှားအယွင်းတွေ လုပ်မိ ကောင်းလုပ်မိမယ်။ လဲပြိုကျမှုတွေဖြစ်ကောင်းဖြစ်မယ်။ ဒီလိုနဲ့ အောင်မြင်ခြင်းကနေခေတ္တခဏဆိုသလိုလွဲချော်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ဒါပေမယ့် အဲဒီလိုလွဲချော်မှုတွေ၊ လဲကျမှုတွေကြားထဲမှာလူးကာလွန့်ကာနဲ့ အောင်မြင်ခြင်းဆီကိုရောက် အောင်သွားဖို့အတွက် မျှော်လင့်ခြင်းဆိုတဲ့အရာကို ကျွန်တော်တို့တတွေပိုင်ဆိုင်ထားပါတယ်။အဲဒီမျှော်လင့်ခြင်းတွေကို အမှန် တကယ်ဖြစ်တည်လာအောင် ကိုယ့်ဘက်ကနေ အားစိုက်ထုတ်ကြိုးစားမှုသာလိုအပ်ပါတယ်။ ဒါကြောင့် စိုက်ထုတ်ကြိုးစားမှုတွေကနေအမှန်တကယ်ဖြစ်တည်လာဖို့အတွက်ဘယ်လိုအခက်အခဲတွေတွေ့ကြုံနေရပါစေ။ ဖြစ်လာသမျှကိုကြောက်ဒူးတုန်နေမယ့်အစားမျှော်လင့်ချက်ဆိုတဲ့သတ္တိအစွမ်း ကိုအသုံးချတတ်ဖို့ အရေးကြီးပါတယ်။ လူမှန်ရင် လဲကျမှုတွေကို ပြန်ထဖို့အတွက်အခွင့်အရေးအချိန်တိုင်းမှာရှိနေပါတယ်။ အဓိကကတော့ ပြန်လည်ပြီးထချင်စိတ်၊ အမှားတွေကိုအမှန်ပြင်ချင်တဲ့စိတ်နဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်တင်းချင်တဲ့ စိတ်ရှိဖို့ပါပဲ။အဲဒီစိတ်တွေကိုဦးဆောင်ပေးနိုင်တာကတော့ တဖန်ပြန်လည်ပြီးအားသစ်လောင်းပေးနိုင်တဲ့ မျှော်လင့်ချက်ပါပဲ။အထူးသဖြင့် ဘယ်လောက်ပဲခက်ခဲတဲ့အရာဖြစ်နေပါစေ၊ ကြောက်စရာလန့်စရာဖြစ်နေပါစေ။ ကိုယ့်အနေနဲ့ရင်ဆိုင်ကျော်လွှားရဲ တယ်။ ရင်ဆိုင်ကျော်လွှားနိုင်မှ အောင်မြင်မှုကိုရမယ် ဆိုတဲ့စိတ်၊အောင်မြင်မှုကိုရတဲ့အခါမှာခံစားရမယ့် ကိုယ်လိုချင်တဲ့ အရာ တွေကကိုယ့်အတွက် မျှော်လင့်ချက်ပါပဲ။

  2. 1d ago

    Time decides who you meet in life, your heart decides who you want in your life and your behavior decides who stays in your life.

    လောကမှာရှင်သန်နေထိုင်တဲ့သူတိုင်းအတွက်ပေါင်းသင်းဆက်ဆံရေးဆိုတာလွန်စွာမှအရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျွန်တော် တို့တတွေ မွေးဖွားလာတဲ့အချိန်ကနေစလို့စိတ်အမျိုးမျိုး ပုံသဏ္ဍန်အစုံစုံရှိတဲ့သူတွေနဲ့ တွေ့ဆုံဖူးရမှာပါ။ ပေါင်းသင်းဆက်ဆံဖူးရမှာပါ။ အဲဒီအခါမှာ ဘယ်လိုလူမျိုးကိုတော့ ကိုယ်ကဆုံးဖြတ်ရွေးချယ်နိုင်ပြီးတော့ ဘယ်လိုအမျိုးအစားကိုတော့ ကျွန်တော်တို့ တတွေ ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်မရှိဘူးဆိုတာကို ဒီစကားလေးက ပြောပြနေတာပါ။ လူတွေပြောကြသလိုပဲ ကံတရားတစ်ခုကြောင့် ပေါင်းစုံရသလိုပါပဲ။ အချိန်တစ်ခုရဲ့ သတ်မှတ်ချက်အရ ကျွန်တော်တို့တတွေ မိတ်ဆွေအသစ်တွေနဲ့တွေ့မြင်မိတ်ဖွဲ့ရ တတ်ပါတယ်။ ဘယ်လိုလူကိုတော့ တွေ့ဆုံချင်ပါတယ်ဆိုပြီး ကျွန်တော်တို့တတွေဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ကံတရားရဲ့ စေခိုင်းမှုအတိုင်း အချိန်ကာလတစ်ခုမှာတစ်ခါမှမသိကျွမ်းဖူးတဲ့သူတွေနဲ့လည်း ကျွန်တော်တို့တတွေ ပေါင်းသင်းဆုံစည်းရ ပါ တယ်။ဒါကြောင့် အချိန်တစ်ခုမှာ ဘယ်လိုလူမျိုးနဲ့ပဲ သိကျွမ်းသည်ဖြစ်စေ ကိုယ်က ပေါင်းသင်းဆက်ဆံရေးမှာအဆင်ပြေတဲ့သူ ဖြစ်အောင်ကြိုးစားရပါမယ်။

  3. 2d ago

    Be Mature Inside And Out.

    ရင့်ကျက်တယ်ဆိုတာ စကားအရသာ ပြောဖို့ လွယ်တာပါ။တကယ့်လက်တွေ့ဘဝမှာ ဖြတ်သန်းရတဲ့ ဘဝတွေ၊ သင်ခန်း စာတွေ ၊ အတွေ့အကြုံတွေ ၊ဆုံးရှုံးမှုတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှသာ ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲ သွားနိုင်တာပါ။  ရင့်ကျက်လာတဲ့သူတစ်ယောက်ဟာ အရင်ဆုံးအနေနဲ့ တည်ငြိမ်လာတယ်။ စိတ်ပိုင်းဆိုင်ရင့်ကျက်လာတာနဲ့အမျှ ဘဝမှာ အစစ အရာရာဟာ ပိုမိုတည်ငြိမ်မှုရှိလာတာကိုတွေ့ရပါတယ်။မလိုလား အပ်တဲ့ စိတ်ခံစားချက်တွေ ၊ အပျော်အပါးနဲ့ တပ်မက်မှုတွေ နောက်ကို အရမ်းကြီးဦးစားပေး မလိုက်တော့ပဲ အဓိကနဲ့ သာမညကို ခွဲခြားသိမြင်တက်လာပြီး တည်ငြိမ်မှုရှိရှိနေ့ရက်တိုင်းကို ဖြတ်သန်းလာကြပါတယ်။ စာနာတတ်လာတယ်။ စာနာမှုဟာ စိတ်ပိုင်းဆိုင်ရာရင့်ကျက်လာမှုရဲ့ အမှတ်အသား တစ်ခုပါပဲ။ ရင့်ကျက်သွားတဲ့ ယောကျာ်းတစ်ယောက် အနေနဲ့ကိုယ့်ခံစားချက် ၊ ကိုယ့်ထင်မြင်ယူဆချက်တွေကို ရှေ့တန်းမတင်ပဲ တခြားလူ တွေရဲ့အမြင်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုပါ လိုက်လျောညီထွေဖြစ်ဖြစ်ထည့်တွေးစဉ်းစား ပေးတက်လာပြီး စာနာနားလည်မှု ၊ ကိုယ်ချင်းစာစိတ် တွေနဲ့ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကြပါတယ်။

  4. 3d ago

    Life may change, but you will learn, you will grow and you will have a chance to love even better. Take It.

    ကမ္ဘာကျော်စာရေးဆရာမ Kristen Butler ပြောကြားခဲ့တဲ့ ဒီစကားကတော့ ဘဝတစ်သက်တာမှာရင်ဆိုင်ဖြတ်ကျော်ရမယ့် အခက်အခဲတွေအကြောင်းနဲ့ အမြဲတမ်း တစ်သတ်မှတ်တည်း ဒုက္ခဆိုတာကိုမတွေ့ရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ပြောပြထားတဲ့စကားပါ။သင်ဘယ်တော့မှအရာအားလုံးကိုမဆုံးရှုံးပါဘူး။ကြောက်ရွံ့မနေပါနဲ့။ ဘဝဆိုတာပြောင်းလဲနေတယ်။ သင်ယူရမယ်။ ကြီးပြင်း လာမယ်။ နောက်ထပ်အချစ်တစ်ခုကိုလည်းရဖို့အခွင့်အလမ်းရှိပါသေးတယ်တဲ့။တစ်ခါတစ်လေမှာ ကျွန်တော်တို့တတွေ ရုန်းကန်လှုပ် ရှားနေရင်းနဲ့ တစ်ခုမဟုတ်တစ်ခု၊တစ်ယောက်မဟုတ် တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားမှုမျိုး ခံစားရတတ်ပါတယ်။ ကိုယ်ကြိုးစားသင်ယူနေတဲ့ပညာ၊ ကိုယ်လိုချင်တဲ့အောင်မြင်မှု၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူ အဲဒါတွေကိုတစ်နည်းမဟုတ် တစ်နည်းနဲ့ ဆုံးရှုံးလိုက်ရရင် လောကကြီးမှာနေထိုင်ရတာ အဆင်မပြေဘူးလို့ခံစားမိတတ်ပါတယ်။  ဒါပေမယ့်သေသေချာချာ စဉ်းစားကြည့် မယ်ဆိုရင် တရားသဘောအရ အရာအားလုံးဖြစ်တည်လာခြင်းဆိုတာ ပျက်စီးခြင်းမှာနိဂုံးချုပ်ဖို့အတွက်ပါ။ ဒါကြောင့် အရာရာကို အလွန်အမင်းအစွဲအလမ်းကြီးတဲ့စိတ်ကို လျော့ချပါ။ဘယ်အရာမှ၊ ဘယ်သူမှ မမြဲတဲ့ ဒီလောကကြီးမှာ တစ်စုံတစ်ရာကို ဖက် တွယ်နေရင်းနဲ့ ကိုယ့်စိတ်ကိုကိုနွံထဲနစ်သလိုအဖြစ်မခံပါနဲ့။ ပေါ့ပျက်ပျက်နေဖို့တော့ ဆိုလိုခြင်းမဟုတ်ပါ။ တစ်စုံတစ်ရာပျက်စီး သွားရင်တစ်ခြားသောတစ်စုံတစ်ရာက အစားဖြည့်သွားမှာပါ။ အခုလက်ရှိပူဆွေး သောကရောက်နေပေမယ့် နောက်နောင်ပူဆွေး သောကဖြစ်မနေဖို့ကတော့ မိမိကိုယ်တိုင်ပေါ်မှာပဲမူတည်ပါတယ်။

  5. 4d ago

    The most important thing is to enjoy your life – to be happy – it’s all that matter.

    တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့တတွေကိုယ့်ရဲ့အခုလက်ရှိဘဝကို မနှစ်မြိုသလိုခံစားရတာမျိုးတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် အစစအရာရာအဆင်ပြေနေတဲ့သူတွေကို ကြည့်ရင်း၊ ကိုယ့်ဘက်မှာတော့ အရာတိုင်းနိမ့်ကျတယ်လို့ခံစားနေမိတဲ့အခါမျိုးတွေမှာပါ။ ဒါပေမယ့် ကျမ်းဂန်တွေရဲ့အဆိုအရ အခုလက်ရှိလူသားဘဝဖြစ်တည်နေပြီဆိုကတည်းကဝမ်းမြောက်ဝမ်းသာ ဖြစ်နေရမှာပါ။ ဆင်းရဲသည် ချမ်းသာသည်ဆိုတာက ကိုယ်ကြိုးစားရင်ကြိုးစားသလောက်အရာထင်ဖြစ်တည်လာနိုင်ပါတယ်။ ဟိုးနတ်ပြည်က အပ်တစ်စင်း နဲ့ ဒီလူ့ပြည်ကအပ်တစ်စင်းထိတာထက်ကိုပိုပြီး ခက်ခဲတဲ့ လူသားဘဝကို ရောက်ရှိလာပြီ ဆိုတာကိုက ကိုယ့်အတွက်တော့တွေးတတ်မယ်ဆိုရင်ကျေနပ်စရာချည်းပါပဲ။ ကိုယ်က အခုလက်ရှိ ငွေကြေးဥစ္စာဓန မကြွယ်ဝလို့လည်းစိတ်ဓါတ်ကျအားငယ်နေစရာမလိုပါဘူး။ လောကမှာ အဓိကကျတာ ကတော့ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ခုံမင်နေဖို့ပါပဲ။ကိုယ့်ဘဝအတွက်ကျေနပ်နေနိုင်မှုကလည်း လောဘ၊ဒေါသ၊ မောဟအပူမီး တွေကနေ ကင်းလွတ်စေမယ့်နည်းတစ်ခုပါ။ကိုယ့်လက်ရှိဘဝမှာပဲ ပျော်ရွှင်သာယာပြီးပိုပြီးကောင်းမွန်အောင် တိုးတက်အောင် မစွမ်းဆောင်နိုင်ရင်ဘယ်လိုလုပ်မှာလဲ အဲဒီလိုမျိုးလဲ ကျွန်တော့်ကို မေးခွန်းထုတ်နိုင်ပါသေးတယ်။တကယ်တော့မိမိကိုယ်ကို ကျေနပ်ခုံမင်နိုင်ခြင်းဆိုတာ စွမ်းဆောင်ရည်နိမ့်ကျခြင်းနဲ့ မသက်ဆိုင်ပါဘူး။အထူးသဖြင့် ကိုယ် လုပ်ကိုင်လိုက်တဲ့အရာရှုံးနိမ့် သွားစေဦးတော့ တခြား သောအရာတွေ တစ်ဖက်သောလမ်းကနေကြိုးစားနိုင်တာပဲဆိုတဲ့စိတ်မျိုး ဟာ  မိမိကိုယ်ကို ကျေနပ်ခုံမင်မှုကနေအလွယ်တကူ ဆင်းသက်လာနိုင်ပါတယ်။

  6. 5d ago

    Stop thinking too much. It’s alright not to know all the answers. They will come to you when you least expect it.

    အနှိုင်းမဲ့ ဘုရားရှင်မဟုတ်တဲ့လူသားတွေအဖို့အရာခပ်သိမ်းကို သိမြင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီအခါမှာလောကရဲ့ စိန်ခေါ်မှုမေးခွန်းတွေကိုမဖြေနိုင်တဲ့ အခိုက်အတန့်တွေလည်းရှိမှာပါ။ အဲဒီလိုမေးခွန်းတွေက ကိုယ့်အတွက် ခက်ခဲလွန်းတဲ့အခါမှာ တအားကြီး စဉ်းစားပြီး စိတ်ရှုပ်ထွေးတတ်ပါတယ်။ စိတ်ထဲက ရှုပ်ထွေးလေလေ ပိုပြီး စဉ်းစားတဲ့အခါမှာခေါင်းတွေကိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲဒေါသ တွေဖြစ်လာတတ်ပါတယ်။ကိုယ့်ကိုကိုယ်အလိုမကျမှုတွေ ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ ကိုယ်အဖြေမသိတဲ့မေးခွန်းတွေအတွက် အတင်းကြီးစဉ်းစားနေတာမျိုးမလုပ်ပါနဲ့။ တစ်ခါတစ်လေ အဲဒီလိုမေးခွန်းတွေရဲ့အဖြေတွေကတအား သိချင်ပြီး ထူပူနေတဲ့အချိန်မျိုးမှာ မပေါ်လာတတ်ပေမယ့် ခေါင်းအေးအေးနဲ့ရှိနေတဲ့အချိန် ကိုယ်ထင်မထားတဲ့ မတူညီတဲ့ ရှုထောင့်တစ်မျိုးကနေလည်း အဖြေမှန်က ထွက်ချင်ထွက်လာနိုင်ပါတယ်။ တစ်ချို့သောကိုယ်မသိတဲ့အရာတွေအတွက် စိတ်ဓါတ်ကျမနေပါနဲ့။မသိရကောင်းလားဆိုပြီး ဒေါသလည်းထွက်မနေပါနဲ့။ လူသားတိုင်း ဘယ်သူမှ ပြီးပြည့်စုံစွာထူးချွန်တဲ့သူမရှိပါဘူး။ဒါကြောင့် တအားတွေစဉ်းစားပြီး ကိုယ့်ကိုကို စိတ်ဆင်းရဲမခံပါနဲ့။ တစ်ချိန်မဟုတ်တစ်ချိန်များသောအားဖြင့် ကိုယ်မတွေးတော့တဲ့ ကိုယ်မမျှော်လင့်တော့တဲ့အချိန်မှာ အဲဒီအဖြေတွေ ကိုယ်တိုင်ခံစားသိမြင်လာမှာပါ။ အဓိကကတော့ အချိန်တစ်ခုကို စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ပါပဲ။

  7. 6d ago

    Family is like branches on a tree, we all grow in different directions, but our roots remain as one.

    မိသားစု။ မိသားစုတစ်စုမှာအဖိုးအဖွားကနေစလို့ အဖေ၊အမေ၊ ဦးလေး၊ အဒေါ်၊ ညီအကိုမောင်နှမ၊ သားသမီးစသဖြင့် အစုံစုံအလင်လင် ရှိတတ်ကြစမြဲပါ။အဲဒီလို မိသားစုဝင် အတွင်းမှာပဲတစ်ယောက်နဲ့တစ်ယောက် ဗီဇတွေ၊ ဝါသနာတွေ၊ အတွေးအခေါ်တွေမတူညီနိုင်ကြပါဘူး။ မိသားစုထဲကမိသားစု ဝင်တစ်ယောက် က အနုပညာဝါသနာပါပေမယ့် ကျန်တစ်ယောက်ကအနုပညာနဲ့ပတ်သက်ရင် စိတ်ဝင်စားချင်မှ စိတ်ဝင်စား ပါလိမ့်မယ်။ တစ်ယောက်ကအားကစားကိုခုံမင်ပေမယ့်ကျန်တစ်ယောက်ကတော့ နေရာတစ်နေရာမှာတိတ်တိတ်လေး ထိုင်ပြီး စာဖတ်ရတာကိုပဲ နှစ်သက်တာမျိုးလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ဒါကတော့ ဝါသနာနဲ့ပတ်သက်ပြီးမတူညီနိုင်တာပါ။ အတွေး အခေါ်ပိုင်းမှာလည်းမိဘနဲ့သားသမီးကြားပဲဖြစ်ဖြစ်မောင်နှမညီအကို၊ ညီအမကြားမှာပဲဖြစ်ဖြစ် မတူညီကွဲပြားမှုတွေ အများကြီး ဖြစ်နေနိုင်ပါတယ်။တစ်ယောက် လက်ဖဝါးလို့မြင်ပေမယ့်နောက်ထပ်တစ်ယောက်ကသူနဲ့မျက်နှာချင်းဆိုင်မှာ ရှိနေမယ်ဆိုရင်လက်ဖမိုးလို့ပဲမြင်ရမှာပါ။ အထူးသဖြင့် လူကြီးနဲ့လူငယ်ကြားမှာဆိုရင် အတွေးအမြင်ကွာဟမှုကပိုပြီးတော့ များပြားနိုင်ပါတယ်။ မျိုးဆက်နဲ့ ကာလကွာခြား မှုကြောင့်ရော၊ ကြုံတွေ့ဖြတ်သန်းရတဲ့ခေတ်နဲ့စနစ်တွေကြောင့်ပါ တစ်ယောက်ရဲ့အတွေးနဲ့ ကျန်တစ်ယောက်ရဲ့အမြင်ဆိုတာ ဘယ်နည်းနဲ့မှထပ်တူမကျနိုင်ပါဘူး။ဒီလိုနဲ့ လူကြီးနဲ့လူငယ် ပြဿနာတွေတက်ကြပါတယ်။

  8. Sep 28

    The three C’s of life: Choices, Chances, Changes. You must make a choice to take a chance or your life will never change.

    Choice ရွေးချယ်မှု။ ကိုယ့်ဘဝတက်လမ်းကိုကိုယ်ကိုတိုင် ရွေးချယ်ရပါမယ်။ အဓိကကတော့ မှန်မှန်ကန်ကန်ရွေးချယ်ဖို့ပါပဲ။ တစ်ခါတစ်လေမှာကျွန်တော်တို့တတွေ ရွေးချယ်စရာ လမ်းစ တွေ များလာတဲ့အခါမျိုးတွေကို တွေ့ကြုံရတတ်ပါတယ်။တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဘယ်တက္ကသိုလ်ကို တက်ရမလဲလို့ စဉ်းစားတဲ့အခါမှာလည်းမှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုပါ တယ်။ ကိုယ့်တက်မယ့်တက္ကသိုလ်က ကိုယ့်ဘဝအသက်မွေးဝမ်းကျောင်းအတွက် ဘယ်လိုပညာရပ်တွေသင်ပေးမှာလဲ။ ကိုယ်ကရော ဆုံးခမ်းတိုင်အောင် သင်ကြားနိုင်ပါ့မလား။သင်ကြားမယ့် ဘာသာ ရပ်တွေကို ကိုယ်တကယ်ရော စိတ်ပါဝင်စားရဲ့ လား ဆိုတာကို သေသေချာချာမှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုပါတယ်။ အများသူငါ အဆင်ပြေတိုင်း ကိုယ်နဲ့အဆင်ပြေချင်မှာပြေတာကို သတိပြုမိဖို့လိုပါတယ်။ ဒါကြောင့် ဘဝရဲ့ တစ်ဆစ်ချိုးလို့ ပြောလို့ရတဲ့ ဒီလိုအခြေအနေတွေမှာ ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ အဲဒီလို ကိုယ်ကမှန်တယ်ထင်လို့ ရွေးချယ်ပြီးပြီဆိုရင်လည်းအဆုံးထိ ကြိုးစားရပါမယ်။ ဒီအတိုင်းထားလို့ ရေစုန်အတိုင်း မျောလို့မရပါဘူး။ ဒါမှသာလည်းကိုယ့်ဘဝအတွက် Chance ဆိုတဲ့ အခွင့် အရေးကို လက်ဝယ်ရမှာပါ။

About

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။