ကျနော် အမေရိကန်ကို ရောက်လာတော့ တခု သတိထားမိတယ်။ ဒီနိုင်ငံမှာ စားစရာ အလွန်ပေါတယ်။ အမျိုးအစားလည်း အလွန်စုံလင်တယ်။ ဒါပေမဲ့ စားသောက်ဖို့ အချိန်တော့ အတော်ရှားတယ်။ တကယ်တော့ စားသောက်ခြင်းဟာ အများကြီး အားမစိုက်ရဘဲ စိတ်ချမ်းသာစေနိုင်တဲ့ နေ့စဥ်ကိစ္စတခုပါ။ ကျန်းမာအောင်လည်း အများကြီး စားဖို့ မလိုဘူး။ . ကျနော် အစာတခုခုကို တူနဲ့ ဖြစ်ဖြစ်၊ ဇွန်းနဲ့ ဖြစ်ဖြစ် ကောက်ယူလိုက်ပြီးရင် ခဏလောက် ကိုယ်ယူလိုက်တဲ့အစာကို ကြည့်လိုက်တယ်။ တစက္ကန့်လောက် ဆိုရင်တောင် လုံလောက်တယ်။ စိတ်တွေ လွှင့်မနေဘူးဆိုရင် ချက်ချင်းပဲ ဒါဟာ ပေါင်မုန့်၊ ပဲသီး၊ မုန်လာဥ စသဖြင့် သိလိုက်တယ်။ ပြီးရင် အစာကို ပြုံးပြလိုက်တယ်။ ပြီးရင် ပါးစပ်ထဲ ထည့်ပြီး သတိရှိရှိ စိတ်ပါလက်ပါ ဝါးလိုက်တယ်။ ဒီစားနေတာကလွဲရင် ဘာကိုမှလည်း မကြည့်ဘူး၊ မတွေးဘူး။ ဒီမှာပဲ စိတ်ထားတယ်။ . သတိအကျင့်ဆိုတာ ဘာလုပ်လုပ် သတိနဲ့ လုပ်တာ ပါပဲ။ အစားစားတဲ့အခါလည်း သတိနဲ့စားတော့ ပျော်ရွှင်မှု၊ တည်ကြည်မှု၊ ဘဝဖြစ်တည်မှု စတာတွေက သူတို့ဘာသာ ပေါ်လာတယ်။ အဲလို မိနှစ်နှစ်ဆယ်လောက် စားလိုက်ပြီးရင် ကျနော်ဟာ တနေ့တာ အတွက် အားပြည့်သွားပြီ လို့ ခံစားရတယ်။ ကိုယ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ၊ အကျင့်ပိုင်းဆိုင်ရာမှာလည်း အားပြည့်သွားတယ်။ ဒါကြောင့် အစာစားခြင်းဟာ အလွန်လေးနက်တဲ့ ကျင့်စဥ် လို့ ကျနော်ကပြောတာ။ . ကျနော်နေတဲ့ ဇီးကုန်းရိပ်သာမှာဆိုရင် အချိန်ယူပြီး စားသောက်ကြတယ်။ အတူတူ စုစားတယ်။ ညီညီညာညာ ထိုင်ပြီး လူစုံအောင် စောင့်တယ်။ လူစုံမှ စပြီး စားကြတယ်။ အဲလို ကိုယ့်ဘေးက ညီနောင်နှမ ရဟန်းတွေက သတိရှိရှိ စားနေကြတဲ့အခါ၊ ကိုယ်ဟာလည်း သတိအကျင့် နဲ့စားဖို့ အလိုလို အထောက်အကူ ဖြစ်လာတာပေါ့။ အစာ မစားခင်တိုင်းမှာ ကျနော်တို့က အစာနဲ့ပတ်သက်ပြီး ငါးချက် ဆင်ခြင်တယ်။ . ဆင်ခြင်ဖွယ်ရာ ငါးချက် +++++++++++++ ဤအစာသည် မြေကြီး၊ ကောင်းကင်နှင့် များစွာသောလူတို့ ၏ ပြင်းထန်သောအားထုတ်မှုမှ ရလာသော လက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင်ကို လက်ခံနိုင်လောက်အောင် ထိုက်တန်သူ အနေဖြင့် ဂရုစိုက် သုံးဆောင်မည်။ ဤအစာကို အလောတကြီးစားသုံးခြင်းမှ ရှောင်ကြဥ်ပြီး မျှတရုံသာ သုံးဆောင်မည်။ ဤအစာသည် အာဟာရ ဖြစ်စေပြီး နာမကျန်းမှုကို ကာကွယ်ပေးနိုင်ပါစေ။ ဤအစာသည် မေတ္တာနှင့် (တရား)အကျင့် တို့ကို လမ်းပြပေးသော အရာ အဖြစ်သာ မှီဝဲသုံးဆောင်ပါမည်။ . ပထမဆင်ခြင်မှုကတော့ ရှင်းပါတယ်။ ဒီအစားအစာတွေက ကောင်းကင်နဲ့ မြေကြီး ကလာတယ်။ လူအများ လုပ်အားကြောင့် အခုလို အသင့်စားသုံးဖို့ ဖြစ်လာတယ်။ ဒါကြောင့် ကောင်းကင်၊ မြေကြီးနဲ့ လူအပေါင်းရဲ့ လက်ဆောင်ပါ။ . ဒုတိယ ဆင်ခြင်မှုကတော့ ကိုယ်ရတဲ့လက်ဆောင်ကို တန်ဖိုးထားတတ်ဖို့ပါ။ တန်ဖိုးရှိတဲ့လက်ဆောင်ကို လက်ခံနိုင်အောင် ထိုက်တန်သူ ဖြစ်ဖို့ သတိရှိရှိ စားသုံးသင့်တယ်။ ကျေးဇူးတင်သင့်တယ်။ ဥပမာ ပဲပင်လေး တပင်ပဲ ဆိုပါစို့။ ဒီအပင်လေး ဖြစ်လာဖို့ မြေကြီးနဲ့ ကောင်းကင်က လနဲ့ချီပြီး ပျိုးထောင်ခဲ့ရတာ။ ဒါလေးကို သတိနဲ့ စားနေတဲ့အခါမှာ သူရဲ့ ထူးခြားချက်တွေကို သိလာမယ်၊ ကျေးဇူးတင်တတ်လာမယ်။ စားနေရင်းနဲ့ အတိတ်၊ အနာဂတ်တွေကို တွေးပူမနေသင့်ပါဘူး။ စားချိန်မှာ စားတာကိုပဲ အာရုံစိုက်ပါ။ အဲလို သတိရှိရှိ စားသုံးခြင်းဖြင့် လက်ဆောင်ကို ထိုက်တန်သူ ဖြစ်လာပါတယ်။ . တတိယ ဆင်ခြင်မှုကတော့ အလွန်အကျွန် မလုပ်ဖြစ်ဖို့ ဆင်ခြင်တာပါ။ အစားစားတဲ့အခါ တခါတလေမှာ လွန်သွားတတ်တယ်။ လိုတာထက် ပိုစားတယ်၊ လောဘတကြီးစားတတ်ကြတယ်။ ဒါကြောင့် သင့်တင့်မျှတအောင် စားဖို့ ဆင်ခြင်ရတာပါ။ ကျနော်တို့ ဇီးကုန်းရိပ်သာမှာတော့ လူတိုင်းဟာ သပိတ်တလုံးစီနဲ့ စားကြတယ်။ ကိုယ့်သပိတ်ထဲမှာ အစာ ဘယ်လောက် ရှိရင် သင့်တော်ပြီ ဆိုတာ ကျနော်တို့က သိတယ်။ သပိတ်ဆိုတာ ကျနော်တို့ ရဟန်းတွေအတွက် အစာ မျှတအောင် စားတတ်ဖို့ တိုင်းတဲ့ ကိရိယာလို့ တောင် ပြောလို့ရတယ်။ အစာ စားတာ မလွန်ဖို့ အလွန် အရေးကြီးပါတယ်။ ဖြည်းဖြည်းစားမယ်၊ သေသေချာချာ ဝါးမယ် ဆိုရင် အစာနည်းနည်းကလည်း အာဟာရ အများကြီး ရနိုင်ပါတယ်။ သင့်တင့်သော ပမာဏကသာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ . စတုတ္ထ ဆင်ခြင်မှုကတော့ ဤအစာကိုစားခြင်းကြောင့် ဖြစ်လာမဲ့ အရည်အသွေးကို ဆင်ခြင်တာပါ။ အဟာရဖြစ်စေရမယ်၊ ကျန်းမာဖို့အတွက် ဖြစ်စေရမယ်။ သည်လို အစာတွေကိုပဲ စားတယ်။ မိမိကိုယ်ကိုနဲ့ သူတပါးကို အဆိပ်အတောက် ဖြစ်စေတဲ့ အစာတွေ၊ မေတ္တာ ခေါင်းပါးစေတဲ့ အစာတွေ မစား သုံးဘူးပေါ့။ လောဘစိတ်၊ ဒေါသစိတ်နဲ့ စားရင် ဒါတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိစိတ်နဲ့
Información
- Programa
- Publicado20 de julio de 2022, 5:19 a.m. UTC
- Duración6 min
- ClasificaciónApto