Podcast For Change

Burma Podcast Network

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။ အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။

Episodes

  1. ခေတ်သစ်ကမ္ဘာ့ပထမဆုံး ဓါတ်ပုံတစ်ပုံအကြောင်း

    3D AGO

    ခေတ်သစ်ကမ္ဘာ့ပထမဆုံး ဓါတ်ပုံတစ်ပုံအကြောင်း

    နက္ခတ္တသိပ္ပံပညာဟာ ၂၀ ရာစုကစပြီး အရှိန်ဟုန်နဲ့ တိုးတက်ခဲ့ပါတယ်။ ခေတ်ဟောင်း စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေမှာဆို ၂၀၀၀ ခုနှစ် အစောပိုင်းကာလကိုတောင် ခေတ်လွန်သိပ္ပံကမ္ဘာကြီးအဖြစ် ပုံဖော်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိ ၂၀၂၆ ထိ လူတိုင်းမိုးပျံကားတွေစီး၊ စက်ရုပ်တွေနဲ့ ချနေတာမျိုး မလုပ်နိုင်ကြသေးပါဘူး။ မဖြစ်နိုင်ဘူးထင်ရတဲ့ အယူအဆတွေလည်း ကမ္ဘေကမ္ဘာကျန်နေပါသေးတယ်။ ဒီအပိုင်းမှာ လူတွေက မဖြစ်နိုင်လောက်ဘူးလို့ သတ်မှတ်ထားတဲ့ သိပ္ပံဆိုင်ရာအယူဆတစ်ခုကို ရိုက်ချိုးပြနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို နားဆင်ကြရမှာပါ။ ငွေကုန်ကြေးကျအလွန်များပြီး အခက်ခဲပေါင်းများစွာရှိလို့ နှစ်ပေါင်း‌ ၃/၄ ဆယ်ကျော် အချိန်ယူဆောင်ရွက်ခဲ့ကြတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီထဲကလူတွေဟာ အသက်ရှင်သန်နေဆဲဖြစ်တာမို့ ခေတ်သစ်သက်ရှိသမိုင်းမှာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်က သာမန်လို့ပဲထင်ရတဲ့ ပုံလေးတစ်ပုံတက်လာဖို့ ပညာရှင်တွေ ဘယ်လောက်ဆယ်စုနှစ်ချီ အားထုတ်ထားခဲ့ရလဲဆိုတဲ့ အဖြစ်ပျက်ကို နားဆင်ရမှာပါ။ ပြီးတော့ဇာတ်လမ်းမှာ အရေးကြီးတဲ့နေရာကပါဝင်ခဲ့တဲ့ အားကျဖွယ်ပညာရှင်အမျိုးသမီးတစ်ယောက်အကြောင်းလည်း ပါဝင်ပါတယ်။ ဒီအကြောင်း‌တွေကို Mooka က ပြောပြသွားမှာပါ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    19 min
  2. ဝေမျှ၍အသက်ရှင်ခြင်း

    MAY 9

    ဝေမျှ၍အသက်ရှင်ခြင်း

    အကြပ်တည်းကာလဟု မကြာခဏသုံးစွဲရသည်ကို ငြီးငွေ့လှပြီ။ သို့သော် ပကတိအခြေနေကိုလည်း မေ့ပစ်၍ မရနေကြ။ လူ့အဖွဲ့အစည်းသည် ဝေမျှ၍ ရှင်သန်၊ မျိုးဆက်တွေပွားစီး သယ်ဆောင်ကြသည်။ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်သောဗီဇက လူသားများကို အစာကွင်းဆက်ထိပ်ဆုံးကို ရောက်သွားစေခဲ့၏။ ထိုဗီဇသည် သမိုင်းဦးကတည်းက တိုးတက်မှုသဘောကိုဆောင်ကြောင်း အသက်နှင့်ရင်းပြီး သက်သေထူနိုင်သည်။ မိမိတို့အသက်သည်ပင် ထိုဗီဇ၏ အကျိုးကြောင့်ဖြစ်သည်။ သို့သော် လူ့အဖွဲ့အစည်းမှာ ဖျက်ဆီးတတ်သော ဉာဉ်ဆိုးကလည်း ရှိနေပြန်သည်။ ယခု‌ကာလများတွင် ဖျက်အားပိုလာသဖြင့် ဝေမျှခြင်းဖြင့် အသက်ရှင်သန်ဖို့က ပိုအရေးကြီးလာသည်။ ဝေမျှခြင်းသည် ခေတ်၏ ရှင်သန်နိုင်စွမ်းရည်တစ်ခု ဖြစ်လာကြောင်း ပိုသိသာလာသည်။ ဖျက်ဆီးရေးကာလများအတွင်းက မြေစာပင်ဖြစ်ရသူများ၊ ကူညီဝေမျှ ရှင်သန်နေကြသူများထဲမှ တချို့၏ ရင်တွင်းစကားများကို စုစည်းပြီး ယခုအပိုင်းကို ဖြန့်‌ချိလိုက်ပါသည်။ ယခုအပိုင်းကို နားဆင်ဝေမျှခြင်းဖြင့် လူ့အဖွဲ့စည်းတိုးတက်ကောင်းမွန်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်နိုင်ပါပြီ။ ဒီ့ထက်ပိုပြောရလျှင် ဝေမျှခြင်းဖြင့် လူ့အသက်တွေကယ်တင်‌ဖို့ ဆော်ဩနိုင်ပါပြီ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    27 min
  3. သဘာဝဘေးနဲ့ လူလုပ်ဘေး

    FEB 21

    သဘာဝဘေးနဲ့ လူလုပ်ဘေး

    အာကာသပုံရိပ်တွေမှာ ဆန်းကြယ်လှပစွာမြင်ရတဲ့ ကမ္ဘာဂြိုလ်ပြာလေးဟာ ရွေ့လျားနေတဲ့အရာတစ်ခုပါပဲ။ အဲ့ဒီရွေ့နေတဲ့ အလုံးကြီးမျက်နှာပြင်မှာ ရွေ့နေတဲ့ကျောက်ပြားတွေရှိပြီး ကျောက်ပြားတွေအပေါ်မှာတစ်ခါ ထပ်ရွေ့နေတဲ့ သက်ရှိတွေကလည်းရှိပြန်ပါတယ်။ ဘဝဆိုတာကိုက ရွေ့လျားမှုဖြစ်စဉ်ကြီးတစ်ခုပဲမလား။ ကမ္ဘာ့ရာသီဥတုအခင်းအကျင်းက ငြိမ်သက်အေးဆေးခဲ့တာတော့မဟုတ်ပါဘူး။ တောက်လျှောက် သဘာဝဘေးတွေနဲ့ ယှဉ်တွဲနေခဲ့ရတယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပုံကိုက သဘာဝဘေးတွေ အဆင့်ဆင့်ဖြတ်သန်းလို့ လာခဲ့ရတဲ့ သမိုင်းနောက်ခံရှိကြောင်း ပညာရှင်တွေ သက်သေပြကြတယ်။ အခုဆို သဘာဝဘေးတွေက အကြိမ်ရေပိုစိပ်လာတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီကြားထဲ လူသားတွေဖန်တီးလို့ဖြစ်ရတဲ့ လူလုပ်ဘေးတွေက မြွေပူရာကင်းမှောင့်ဖြစ်စေပါတယ်။ သဘာဝကိုပိတ်ဆို့၊ တူးဖော်၊ ပြုပြင်၊ ဖျက်ဆီးကြတဲ့ လူလုပ်ဘေးတွေအပြင် နောက်ထပ်ဘေးတစ်ခုကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေရဲ့ဘေး ဖြစ်ပါတယ်။ အခုအပိုင်းမှာ လူလုပ်ဘေးနဲ့ သဘာဝဘေးတို့ ကြုံဆုံလာခဲ့ရင် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို နားဆင်ကြရမှာပါ။ နဂိုကမှ ဘယ်မှာမြှုပ်ထားမှန်း ရေရေရာရာမသိနိုင်တဲ့ ပေါက်ကွဲပစ္စည်းတွေဟာ ရေဘေး၊ ငလျင်ဘေးတွေကြုံရတဲ့အခါ ပဟေဠိအစစ်ဖြစ်သွားတတ်ပုံနဲ့ သက်ရှိတွေဟာ အန္တရာယ်ဇုန်တွေမှာနေတဲ့အခါ ရှင်သန်ရေးဉာဏ်စဉ် တဖြည်းဖြည်းတက်လာပုံကိုလည်း ရေးဖွဲ့ပြောပြထားပါတယ်။ သဘာဝဘေးကြုံရတဲ့အပြင် ကျေးလက်ဒေသစစ်ရှောင်စခန်းတွေထဲ ရောက်သွားသူ အမျိုးသမီးတစ်ယောက်ရဲ့ သူရောက်ရာအခြေအနေပေါ် တိုးတက်တည်ငြိမ်တဲ့ ရှုမြင်ခံစားချက်များအကြောင်းကို ကြားကြရမှာဖြစ်ပါတယ်။ Wai က ဇာတ်ကြောင်းကို ပြောပြထားပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    13 min
  4. မစ်ရှဲလ်နဲ့ အိမ်ထောင်မှုသဟဇာတ

    FEB 7

    မစ်ရှဲလ်နဲ့ အိမ်ထောင်မှုသဟဇာတ

    “ကျရှုံးမှုဆိုတာ ခံစားချက်တစ်ခုပါပဲ” ဒီစကားဟာ အောင်မြင်သူဌေးဖြစ်ရေးကျမ်းတစ်ခုထဲက စကားတစ်ခုနဲ့ ဆင်တူပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ လက်တွေ့မပါတဲ့ စိတ်ကူးယဉ်အကောင်းမြင်မှုတွေသိုင်းဝိုင်းပြီး ပျားရည်နဲ့ဝမ်းချနေတဲ့လောကကြီးမှာ ကိုယ့်ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းခဲ့တဲ့သူတစ်ယောက်ရဲ့ စကားဖြစ်ပါတယ်။ သူက ခွဲခြားဆက်ဆံမှုတွေပြည့်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က အမျိုးသမီးတစ်ယောက်။ သည့်ပြင် အာဖရိကန်နွယ်ဖွား တစ်ခါဖြစ်နေပြန်ပါတယ်။ ကြပ်တည်းတဲ့ မိသားစုနောက်ခံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ သူ့ဖြစ်တည်မှုဟာ စီးပွားရေး၊ လူမျိုးရေး၊ ပညာရေး အဖက်ဖက်က လက်ညှိုးထိုးလှောင်ပြောင်ခံခဲ့ရပေမဲ့ သူဟာ အိမ်ထောင်သည်ကောင်း၊ မိခင်ကောင်း၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘဝဆိုးကြီးကို ကျော်လွှားအောင်မြင် အောင်ပန်းဆင်နိုင်ဖို့ သူစောင့်ထိန်းရတာတွေ၊ ခံယူရပ်တည်ရတာတွေလည်း ရှိတာပေါ့။ အခုအပိုင်းဟာ မစ်ရှဲလ်အိုဘားမားရဲ့ ဘုန်းတော်ဘွဲ့မဟုတ်ဘူး။ လူသားတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားကို အခန်းဆက်ပြီး လှစ်ခနဲလှစ်ခနဲ ကောက်နုတ်ပြောပြမှုသာဖြစ်ပါတယ်။ မစ်ရှဲလ်က အခုဆိုရင် အသက် ၆၀ စွန်းနေပြီ။ ဒါပေမဲ့ သူ့ရဲ့တက်ကြွလှုပ်ရှားမှုနဲ့ စာနာမှုကို ထင်သာမြင်သာရှိနေစေတုန်းပါပဲ။ ဒီအကြောင်းတွေကို BPN နဲ့ Feminist Hub Myanmar က ပူးတွဲထုတ်လုပ်တဲ့ လက်ရည်တစ်ပြင်တည်းအစီအစဉ်မှာ နားထောင်ကြရမှာဖြစ်ပါတယ်။ Wendy က ပြောပြထားပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာပြီး ချမ်းမြေ့ညီမျှတဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုပိုင်ဆိုင်ကြပါစေ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    12 min
  5. စစ်အလွန်ကမ္ဘောဒီးယားနဲ့ စစ်အတွင်းက မြန်မာပြည်

    11/15/2025

    စစ်အလွန်ကမ္ဘောဒီးယားနဲ့ စစ်အတွင်းက မြန်မာပြည်

    "မြေကြီးဆိုတာ လူတွေရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးကို အမြစ်တွယ်ထားပေးတဲ့ အိမ်ပါပဲ" လူတွေဟာ ကမ္ဘာမြေကြီးဆိုတဲ့ အိမ်အပေါ်မှာမှ အဖီသဘောနဲ့ အကာကွယ်ဆောက်နေကြရတယ်။ မြေကြီးကိုပဲ ယုံကြည်ရာ ကိုးကွယ်ရာအနေနဲ့ လမိုင်းတွေတင်ကြ၊ ပူဇော်ပသကြ။ ဟော မြေကြီးက‌ ပြောင်းလဲပြီး ဘေးအန္တရာယ်ဆိုးတွေ ဖြစ်လာတဲ့အခါမှာလည်း ခိုကိုးရာမဲ့မဲ့နဲ့ စိတ်ကစဉ့်ကလျားဖြစ်ကြရတယ်။ ဒါပေမဲ့လူတွေဟာ အခြေနေတွေ တည်ငြိမ်ပြီထင်တာနဲ့ သီချင်းနာမည်တစ်ခုထဲကအတိုင်း မြေကြီးကို ဒုက္ခပေးကြပြန်ပါတယ်။ အခုထုတ်လွှင့်မယ့်အပိုင်းမှာ မြေကြီးကို‌ ပေးတဲ့ဒုက္ခတွေထဲက ဒုက္ခကြီးကြီးတစ်ခုအကြောင်း နားဆင်ကြရမှာပါ။ နားမဆင်ခင်မှာ ပဟေဠိကဗျာတစ်ပုဒ်ကိုလည်း အဖြေညှိစရာအလုပ်အနေနဲ့ မှန်းဆကြရဦးမှာပါ။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    10 min
  6. ခွဲခြားမဆက်ဆံတတ်တဲ့ ပေါက်ကွဲပစ္စည်းများအန္တရာယ်

    10/25/2025

    ခွဲခြားမဆက်ဆံတတ်တဲ့ ပေါက်ကွဲပစ္စည်းများအန္တရာယ်

    ကမ္ဘာ့လူသားထုရဲ့ ပန်းတိုင်တွေထဲက တစ်ခုက “ခွဲခြားဆက်ဆံမှုကင်းဝေးရေး” လို့ဆိုကြပါတယ်။ လူသားသမိုင်းကိုပြန်ကြည့်ရင် သမိုင်းတင်ကတည်းက ခွဲခြားဆက်ဆံမှုရှိခဲ့တာဆိုတော့ ဒီပန်းတိုင်ရောက်ဖို့ လူတွေရှိသရွေ့ ကြိုးစားကြရမယ့် သဘောရှိတယ်။ ပန်းတိုင်ထားတယ်သာ ပြောတယ် အမျိုး၊ ဘာသာ၊ သာသနာ၊ ဥစ္စာဓန၊ ဂုဏ်ရည်၊ သူ့ဖက်ကိုယ့်ဖက်တွေနဲ့ ရှုပ်ယှက်နေတဲ့လူတွေဟာ လက်နက်ကိုင် စစ်ပွဲတွေမှာတော့ ဆိုင်ရာဖက်ခြမ်းအသီးသီးက လူသတ်လက်နက်ကိုယ်စီသုံးကြပါတယ်။ အဲ့ဒီလက်နက်တွေထဲမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တန်ချိန်သိန်းသန်းချီ ပါဝင်နေပါတယ်။ လူချင်းချင်းသာခွဲခြားတာရှိမယ် အဲ့ဒီပစ္စည်းတွေကတော့ ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ ဘယ်သူ့တွက်မဆို အန္တရာယ်အကြီးကြီး ကျရောက်သွားနိုင်ပါတယ်။ ဒီပစ္စည်းတွေရဲ့ အန္တရာယ်ကို ကမ္ဘာအရပ်ရပ်က လူသားတွေ ကာကွယ်တန်ပြန်ဖို့၊ နောက်အသုံးမပြုကြဖို့ ဆော်ဩတိုက်တွန်းနေကြပေမဲ့ လူ့အဖွဲ့အစည်းတွင်း ငြိမ်းချမ်းမှုမရှိတဲ့ ပဋိပက္ခဒေသတွေမှာ နေ့စဉ်အသစ်အသစ်သော မိုင်းနဲ့ပေါက်ကွဲပစ္စည်းတွေ ထောင်နေ၊ သုံးနေ၊ ကြဲချနေကြတုန်းပါပဲ။ ဒီအပိုင်းမှာ ခွဲခြားဆက်ဆံမှုမရှိ အန္တရာယ်ပေးစွမ်းနိုင်စွမ်းမြင့်တဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းဆိုင်ရာ သတင်းအချက်အလက်၊ ဆောင်ရန်ရှောင်ရန်တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။ နားဆင်ကြသူအပေါင်း “အသက်ကိုဉာဏ်စောင့်” ဆိုတဲ့ ဆိုရိုးနဲ့အညီ ဘေးဒုက္ခအန္တရာယ်တွေကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်း စေတနာသန့်သန့်နဲ့ တင်ဆက်လိုက်ရပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    12 min
  7. ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ်

    09/06/2025

    ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ်

    ကျေးလက်ဒေသတွေဆိုတာ တစ်ချိန်က ကိုယ်စီလောကနိဗ္ဗာန်လေးတွေနဲ့ ပျော်စရာဓလေ့တွေ အများကြီးရှိခဲ့ပါတယ်။ ချောင်းနားနီးတဲ့ ရွာတွေဆိုရင်တော့ ကလေးတွေအတွက် စပါယ်ရှယ်ပေါ့။ ဒီအပိုင်းမှာ ချောင်းနားနီးတဲ့ရွာတစ်ရွာက ကလေးတစ်သိုက် ကစားကြရင်း ကြုံလိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကို အသက် ၁၂ နှစ်အရွယ် မောင်မောင်က ပြန်ပြောပြထားတာပါ။ အလားတူအဖြစ်အပျက်တွေဟာ ပျော်စရာနိဗ္ဗာန်လေးတွေဖြစ်ခဲ့တဲ့ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ထူးမခြားနား ထူးခြားဖြစ်စဉ်တွေဖြစ်ပါတယ်။ ကဲ ဒီအစီအစဉ်ကို မောင်မောင့်ပြန်ပြောပြမှုနဲ့အတူ Podcast For Change ရဲ့ ပထမဆုံး Episode ကို Burma Podcast Network ရဲ့ Platform တွေမှာ နားဆင်နိုင်ပါပြီ။ ဇာတ်ကြောင်းပြောပြသူ မောင်မောင်အဖြစ် အသက် ၁၂ နှစ်အရွယ် ဇေရဲထက်နိုင်က ကူညီအသံသွင်းထားပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    9 min

About

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။ အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။